Sunday, July 21, 2013

ဘယ်အဆစ်က အပြစ်ရှိသလဲ

“ယေဘုယျချခြင်း အပြစ်မကင်း” ထဲမှာ သတင်းလေးတဖြတ် ဖတ်ပြီး၊ မှတ်ချက်လေး ရေးတာမှာလဲ သတိထားသင့်တယ် လို့ ကျွန်တော် ရေးခဲ့ပါတယ်။

ပူပူနွေးနွေး ရှိသေးတဲ့ ဘာသာရေးအခြေခံ အငြင်းပွါးမှုတွေအပေါ်မှာ သတင်းဖြစ်ဖြစ်၊ ကိုယ့်အယူအဆဖြစ်ဖြစ်၊ တခုခုကို ဖေ့စ်ဘွတ်မှာ တင်ကြတယ်။ ကျန်တဲ့သူတွေက ဝင်ပြီး မှတ်ချက်ပြုကြတယ်။ ဆိုရှယ်ကွန်ယက်ရဲ့ လက်နက်ပါ။ ဒါပေမဲ့ လိုတာလေးတွေ တွေ့ရပါတယ်။

တယောက်ကရေးမယ်၊ “သွေးဆူသူတွေကြောင့် တိုင်းပြည်ပါ နာမည်ပျက်ရတယ်။” နောက်တယောက်က “သွေးဆူသူတွေကို ထိထိရောက်ရောက် အရေးယူရမယ်” လို့ ရေးတယ်ဆိုပါစို့။ အချက်အလက်က မမှားပါ။ ခက်တာက ဒါလေးတချက်တည်းသာ ဖတ်လိုက်ရင် ဗုဒ္ဓဘာသာဝင်တွေက သွေးဆူသူပြီး လှုံ့ဆော်နေတယ်ဆိုရင် မှတ်ချက်ပေးသူကို ဗုဒ္ဓဘာသာဘက်က လုပ်သမျှ မထောက်ခံသူလို့ အထင်ရောက်စေနိုင်တယ်။ နောက်ပြီး သွေးဆူစေအာင်လုပ်တာ ဘာလို့လဲဆိုတဲ့ ရင်းခံအကြောင်းတရားကိုလဲ မစဉ်းစားဖြစ်ပဲ ဖြစ်သွားနိုင်တယ်။ ပိုဆိုးတာက ကျန်တဘက်က လက်နက် ကိုင်နေတာကိုကော မပြောဘူးလား၊ ထောက်ခံတာလား အမေးခံရနိုင်တယ်။

နောက်တခု “မျိုးစောင့်ဥပဒေ” ဆိုတာကို ပြောကြတာတွေ များလှတယ်။ စာရေးဆရာမတဦးကနေ လူမျိုးနဲ့ ဘာသာ ကိုတောင်မှ ခွဲမသိကြတော့ဘူးလားလို့ ထောက်ပြတဲ့အခါ၊ လက်ခုပ်တီးကြတာ တွေ့လိုက်ရတယ်။ စာရေးဆရာမ ပြောတာ အချက်အလက်အရ မမှားပါ။ ဒါပေမဲ့ အဲဒီမှတ်ချက်ဟာ ဗုဒ္ဓဘာသာအတွက် သူတို့ ယုံကြည်ရာကို လုပ်နေသူတွေကို ပြစ်တင်သူအဖြစ် အထင်ရောက်ခံရနိုင်သလို တဖက်ကလူလားလို့ပါ အထင်မှား ခံရနိုင်ပြန်တယ်။ ကျွန်တော်လဲ သတင်းကို တဖြတ်သာ ဖတ်ရတာပါ။

“တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုတဲ့ မြန်မာစကားရှိတယ်။ တချက်ကလေးနဲ့ မရသလို အဖက်ဖက်က စဉ်းစားရမှာတွေ ရောနေတာကို နိုင်ငံရေး (နိုင်ငံ၏အရေး) လို့ ခေါ်ပါတယ်။ ရှုတ်ထွေး လေးနက်တဲ့အကြောင်းအရာကို ခပ်တိုတိုသာပြောရရင် တလွဲကောက်ယူတာ ခံရနိုင်တယ်။ တော်သေးတယ် ရေဒီယိုတွေကနေ မမေးလို့။ သူတို့ပေးတဲ့ အချိန်ကလေးအတွင်း အတင်းလုပြောရတာမျိုးဟာ အဓိပ္ပါယ်လောက်လွဲစေနိုင်လို့ မကြိုက်လှပါ။

မနက်က မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေနဲ့ အစွန်းရောက် ရိုဟင်ဂျာတွေသတင်း တင်တဲ့အခါ မိတ်ဆွေတဦးကနေ ဒီလို ရေးလာပါတယ်။ “ဆရာ ဒီသတင်းအရေးကြီးတယ်၊ ဆရာ့လုံခြုံရေး သတိထားပါ။”

အိန္ဒိယမှာနေကြတဲ့ ဗုဒ္ဓဘာသာဝင် စာသင်သံဃာတော်တွေကို ဒေလီမြန်မာသံရုံးကနေ နှုတ်နဲ့ သတိပေးစကား လျှောက်ထားတယ်လို့ ကြားသိရတယ်။ ခြိမ်းခြောက်စာလာတယ်လို့လဲ သိရတယ်။ ကျွန်တော့်ကိုလဲ လုံခြုံရေးအေဂျင်စီ ကနေ မေးပါတယ်။ လုံခြုံရေး ဘာလိုသလဲတဲ့။

ဗုံးခွဲတာဖြစ်ပြီးနောက် ဘုန်းကြီးတွေအပေါ်မှာ ဆက်ဆံရေးကျဲလာတာမျိုး ရှိလာတယ်။ ဒါကတော့ လူ့သဘာဝဖြစ်တယ်။ အိန္ဒိယတပြည်လုံးမှာ ဟိန္ဒူဘာသာဝင်က များပေမဲ့ ဗုဒ္ဓဂယာဒေသမှာနေကြတဲ့ လူတွေထဲမှာ မွတ်ဆလင် ဘာသာဝင်တွေ အလွန်များတယ်။ ဘုရားထဲကို မိုဘိုင်းဖုန်းတွေ၊ ကင်မရာတွေ အဝင်မခံတော့ဘူး။ လုံခြုံရေး အဟောင်းတွေကိုလဲ အစားထိုးလိုက်ပြီ။ ဘုရားသွားလမ်းထဲကို သုံးဘီးကားတွေ မဝင်ရတော့ဘူး။ ဘုရားအနားက ဈေးဆိုင်တွေကို အဖယ်ခိုင်းလို့ ဆန္ဒပြကြတယ်။

ရောချတဲ့အလေ့အထက နေရာတိုင်းမှာရှိတယ်။ ရောပါတာလဲ လူ့သဘာဝဖြစ်တယ်။ တကမ္ဘာလုံးက လူတွေဟာ ဘာသာကြီး လေးခုနဲ့ လေးစုလုပ်ထားခံကြရတယ်။ ကိုယ်ပါတဲ့အစုကဆိုရင် ကိုယ့်လူလို့ အကြမ်းဖျဉ်းမှတ်ယူကြတယ်။ ပညာတတ်သူတွေ၊ နိုင်ငံရေးလုပ်သူတွေ၊ လူမှုရေးလုပ်သူတွေကတော့ ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် ဒို့ကတော့ ဒီလို မဟုတ်ပါဘူးလို့ ထူးပြီးပြောကြလုပ်ကြတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်သုံးနိုင်သူတွေ၊ စာရေးဆရာ-ဆရာမတွေက ကိုယ်ပိုင်အမြင်-အထင်တွေ တင်ကြတာဖြစ်တယ်။ ရောထွေးနေတာကို လူဦးရေလို့ပြောနိုင်တယ်။ ပညာတတ်သူတွေ၊ နိုင်ငံရေးလုပ်သူတွေ၊ လူမှုရေးလုပ်သူတွေ အရေအတွက်က လူဦးရေထဲမှာ လူနည်းစုဖြစ်တာ သတိထားရမယ်။

ကျွန်တော်က မြန်မာမွတ်ဆလင်တွေကိုပါ ရောပြီးအပြစ်မတင်ကြဘို့ ဆော်သြပါတယ်။ ဒီအထဲကနေ မြန်မာမွတ်ဆလင် တဦးက ရိုဟင်ဂျာဘက်ကနေ ရှေ့နေလိုက်တယ်။ ရိုဟင်ဂျာဆိုတိုင်း လူသားချင်း စာနာထောက်ထားမှုဆိုတာနဲ့ ကြည့်ဘို့ တခါတခါ ခက်ပါတယ်။ ရိုဟင်ဂျာအစွန်းရောက်ကို ဘယ်လိုသဘောထားရပါမလဲ။ လက်ညှိုးမကောင်း လက်ညှိုးလို့ ရေးခဲ့ပါတယ်။ အခုတော့ လက်ညှိုး ဘယ်အဆစ်လို့ ပြောမလို ဖြစ်လာပြန်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၃