Saturday, June 22, 2013

Buddhist Uprising ဗီယက်နမ် ဗုဒ္ဓဘာသာ ထကြွမှုကြီး

၁၉၆၆ ခုနှစ်က ဗီယက်နမ်မှာဖြစ်ခဲ့တာပါ။ အဲဒီအချိန်က ဗီယက်နမ်ဟာ တောင်နဲ့ မြောက် နှစ်ပိုင်းကွဲနေခဲ့ပါတယ်။ မြောက်ပိုင်းကို ကွန်မြူနစ်ကအုပ်စီးထားပြီး တောင်ပိုင်းကို အမေရိကန်ကနေ ကြိုးကိုင်ချယ်လှယ်နေခဲ့တယ်။ စစ်အေးကာလရဲ့ တကယ့်စစ်မြေပြင်ကြီးပါ။ ဒါပေမဲ့ ဗုဒဘာသာဝင်တွေရဲ့ အုံကြွမှုဟာ ကွန်မြူနစ်ဆန့်ကျင်ရေး မဟုတ်ပါ။ နောက်ပိုင်းမှာ ဗုဒ္ခဘာသာကို နှိပ်ကွပ်တဲ့ ကက်သလစ်ဘာသာဝင်အစိုးရကို အမေရိကန်ကနေ အားပေးနေတာမို့ အမေရိကန်ကိုပါ ဆန့်ကျင်ခဲ့တယ်။

ဗီယက်နမ်ဟာ ဗုဒ္ဓဘာသာဝင် ၇ဝ-၉ဝ% နေထိုင်တဲ့တိုင်းပြည်ဖြစ်တယ်။ Ngo Dinh Diem (ငို ဒင် ဒင်းမ်) ဟာ အမေရိကန် ထောက်ခံမှုနဲ့ တောင်ဗီယက်နမ်ခေါင်းဆောင်ဖြစ်လာတော့ ကက်သလစ်ဘာသာဝင် (ငို ဒင် ဒင်းမ်) ဟာ ဗုဒ္ဓဘာသာကို ခွဲခြားဖိနှိပ်မှုတွေ လုပ်တယ်။ ကက်သလစ်လူနည်းစုကိုသာ ရာထူပေးတာ၊ စီးပွါးရေး လုပ်ခွင့်ပေးတာတွေလုပ်တယ်။ ကက်သလစ်ဘုန်းကြီးတွေက ကိုယ်ပိုင်စစ်တပ်ထူထောင်လာတယ်။ အတင်း ဘာသာပြောင်းစေတာလဲ လုပ်ကြတယ်။ ကက်သလစ်ဘုရားကျောင်းတွေက အကြီးစားမြေပိုင်ကြီးတွေဖြစ်လာတယ်။ မြေခွဲဝေရေးမှာ သူတို့ကို ချန်ထားတယ်။ ပေါ်တာဆွဲတာကို ကင်းလွတ်ခွင့် ပေးတယ်။ ဗုဒ္ဓဘာသာ ဘာသာရေး လုပ်တာတွေကို ကန့်သတ်တယ်။ ဗုဒ္ဓဘာသာ အလံတော် လွှင့်တာကို ဥပဒေနဲ့ ကန့်သတ်လိုက်တယ်။ ဘုရားမွေးနေ့မှာ လွှင့်ခွင့်မပြုတော့ဘူး။ ဗာတီကန် အလံတော်ကိုတော့ လွှင့်ခွင့်ပြုတယ်။

၁၉၄ဝ နဲ့ ၁၉၆ဝ အတွင်းမှာ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပြီး အမျိုးသားနိုင်ငံရေးမှာ တက်တက်ကြွကြွ လုပ်လာကြတယ်။ ၈-၅-၁၉၆၃ မှာ ဗုဒ္ဓဘာသာဝင်တွေက ဆန္ဒပြတော့ ရဲနဲ့စစ်တပ်က ပစ်ခတ်တယ်။ လက်ပစ်ဗုံး ပြစ်သွင်းတယ်။ ၉ ယောက် သေတယ်။

စစ်အာဏာသိမ်းမှုတွေ တခုခုပြီးတခု ပေါ်ပေါက်လာရာကနေ (ငို ဒင် ဒင်းမ်) ၂-၁၁-၁၉၆၃ မှာ အာဏာသိမ်းခံရပြီး အသတ်ခံရတယ်။ ၁၉၆၅ မှာ လေတပ် ဦးစီးချုပ် (ငုယင် ကို ကိုင်) က ဝန်ကြီးချုပ်နဲ့ (ဗန်သီယူ) စစ်ဦးစီးချုပ်တို့ တက်လာတယ်။ အမေရိကန်က သူ့ကို ထောက်ခံတယ်။ ဘာသာရေး ဖိနှိပ်မှု သက်သာလာပေမဲ့ ဗုဒ္ဓဘာသာနဲ့ ကက်သလစ်တွေကြား ရန်စောင်မှုတွေ ဆက်ရှိနေခဲ့တယ်။

အဲဒီကာလမှာ စစ်ဒေသခေါင်းဆေင်တွေဟာ ကိုယ့်နယ် ကိုယ်ပိုင်သလို အုပ်ချုပ်နိုင်ကြတယ်။ စစ်ဒေသ (၁) က ဗိုလ်ချုပ်ကြီး (ငုယင် ချန်သီ) ဟာ ဗုဒ္ဓဘာသာတဦးဖြစ်တယ်။ (သီ) ကို ထောက်ခံသူတွေကနေ (ဒါနန်း) မှာ “စစ်သား + အရပ်သား လှုတ်ရှားမှုကော်မတီ” ကို ဖွဲ့စည်းကြတယ်။ ဗဟိုအစိုးရကို ဆန့်ကျင်ကြတယ်။ တက်ကြွသူ ရဟန်းတော်တွေနဲ့ အတူ အရပ်သားတွေ၊ ကျောင်းသားတွေက ရှေ့တန်းမှာ ပါဝင်ခဲ့ကြတယ်။ အရပ်သားအုပ်ချုပ်မှုနဲ့ ရွေးကောက်ပွဲ တောင်းဆိုလာကြတယ်။ ဒေသတွင်း ရေဒီယိုအသံလွှင့်ဌာနကိုပါ သိမ်းပိုက်နိုင်ခဲ့ကြတယ်။ (ကိုင်) က သူ့အလိုကျ ဖြစ်အောင် လှည့်ပတ်နည်းတွေ လုပ်တယ်။

မငြိမ်သက်မှုတွေတိုးလာတယ်။ ဘာသာရေးညီမျှမှုကို တောင်းဆိုကြတယ်။ (ဒင်းမ်) ရဲ့အကို (နူ) ကနေ တပြည်လုံးမှာ ဘုန်းကြီးကျောင်းတွေကို ဝင်စီးတယ်။ လူတွေ ရာနဲ့ချည်သေဆုံးတယ်။ အမေရိကန်ကနေ နောက်ကနေ ကြိုးဆွဲပြီး (ဒင်းမ်) ပြုကျ၊ (နူ) အသတ်ခံရပြီး စစ်အာဏာ သိမ်းမှုဖြစ်စေခဲ့တယ်။ (ဒင်းမ်) ရဲ့ ကက်သလစ် ဦးစာပေး ပေါ်လစီကတော့ အရင်လောက် မဆိုးပေမဲ့ ဆက်ရှိနေတယ်။

တောင်ဗီယက်နမ်က ရင်ဆိုင်နေရတဲ့ ဗီယက်ကောင်း ကွန်မြူနစ်နဲ့စစ်ပွဲမှာ အားနည်းလာစေတော့တယ်။ အမေရိကန် သံအမတ်ကြီး (ဟင်နရီ ကဘော့ လော့ခ်ျ) နဲ့ စစ်ဗိုလ်ချုပ်ကြီး (ဝီလီယမ် ဝက်စ်မိုးလင်း) တို့က (ကီ) ကို ကွန်မြူနစ်တွေနဲ့ တိုက်ဘို့အတွက် လိုလားတယ်။ (သီ) ကိုမလိုလားလို့ အမေရိကန်မှာ စီးပွါးရေး အခွင့်အလမ်းနဲ့ သူ့ကလေးတွေ ပညာသင်ပေးမယ်ဆိုတာနဲ့ မြူဆွယ်တယ်။ (သီ) ဘက်မှာ အမေရိကန် ဗိုလ်ချုပ်ကြီး (လူးဝစ် ဝေါ့လ်) ရှိတယ်။ ၁၉၆၆ မတ်မှာ (ကီ) ကနေ (သီ) ကိုဖယ်ရှားလိုက်ပြီး၊ (သီ) ဟာ ပြည်ပြေးဘဝနဲ့ အမေရိကန်ကို ထွက်သွားရတယ်။

မတ်လထဲမှာ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကို (ကိုင်) ကတွေ့ပြီး ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြောလာတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲတွေကို နှိပ်ကွပ်မယ်လို့ခြိမ်းခြောက်တယ်။ အမေရိကန်တွေကတော့ စိုးရိမ်လာတယ်။ (ကိုင်) ဟာ (သီ) ကို (ဒါနန်း) ပြန်လာခွင့်ပေးရတယ်။ ဒါဟာ (သီ) အမေရိကန်မသွားခင် နှုတ်ဆက်ပွဲလုပ်ဘို့လို့ ဆိုပါတယ်။

(ကိုင်) ကနေ (သီ) ကိုထောက်ခံသူတွေထဲက (ဟူ) ရဲချုပ်ကိုဖြုတ်တော့ ရဲတွေက ဆန္ဒပြကြတယ်။ စစ်သားတွေပါတဲ့ လူ ၂ဝဝဝဝ က မြို့တော်မှာ ဆန္ဒပြကြတယ်။ ၂ ရက်ကြာ သပိတ်ဆင်နွှဲတယ်။ ဝန်ထမ်းတွေပါပါတယ်။ ကျောင်းသားတွေက စက်ဘီးချိန်းကြိုးတွေ၊ ခဲတွေသုံးပြီးကားတွေကို ဖျက်ဆီးကြတယ်။ အမေရိကန် ဆန့်ကျင်ရေးကြွေးကြော်ကြတယ်။ လူတွေကလဲ လက်လုပ်လှန်တွေ၊ ပုလင်းကွဲတွေ သုံးတယ်။ မျက်ရည်ယိုဗုံးနဲ့ လက်ပြစ်ဗုံးပါ တခါတလေသုံးတယ်။ ဘုန်းကြီး အပါး ၃ဝဝ လောက် ထိုင်သပိတ် ဆင်နွှဲကြတယ်။ (သစ် ထရီ ကွန်) အစာငတ်ခံဆန္ဒပြတယ်။ ဖွဲ့စည်းပုံရေးဘို့ တောင်းဆိုလာကြတယ်။ အင်အားပြတဲ့အနေနဲ့ ကမ်းတက်တပ်တွေ ဒါနန်းမှာချလိုက်တယ်။ ဒါလဲမရလို့ (ကိုင်) ဟာ ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရတယ်။ ဇွန်လထဲမှာ ဗုဒ္ဓဘာသာ တင်းမာမှုနည်းတဲ့ ခေါင်းဆောင် (တစ် တမ်ချော်) ကနေ မကြမ်းဖက်နည်းနဲ့ ခုခံစနစ်ကို အဆိုပြုတယ်။

ဗီယက်နမ် ဗုဒ္ဓဘာသာ ထကြွမှုကြီး အတွင်းမှာ နှစ်ဘက်ပေါင်း ၁၅ဝ သေ၊ ၇ဝဝ ဒဏ်ရာရ၊ အမေရိကန် ၄၁ ယောက် ထိခိုက်ခံရပြီးနောက် (သစ် ထရီ ကွန်) လဲ အဖမ်းခံရပြီးနောက် ဗုဒ္ဓဘာသာအုံကြွမှု အဆုံးသတ်ခဲ့ရတယ်။

Buddhism and Self-immolation ဗုဒ္ဓဘာသာနဲ့ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခြင်း
• ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခြင်း ဟာ Mahayana Buddhism မဟာယာန ဗုဒ္ဓဘာသာမှာသာ ထင်းရှားတယ်။ ဇာတက ပုံပြင်တွေထဲမှာလဲပါတယ်။ သာသနာ့အာဇာနည် အကြီးဆုံးသော စွန့်လွှတ်ခြင်းလို့ ယူဆတယ်။
• Hinduism ဟိန္ဒူအယူဝါဒမှလဲ ရှိတယ်။ ၁၅၆၈ ခုနှစ်က (ချစ်တော်ဂတ်) မှာ အမျိုးသမီးးတဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ဘူးတယ်။
• ၁၆-၆-၁၉၆၃ နေ့မှာ ပဌမဦးဆုံး ဗီယက်နမ် ဘုန်းတော်ကြီး Thich Quang Duc (တိခ်ျ ကွန် ဒပ်) က ဆိုင်းဂုံ မြို့တော်မှာ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့တာဟာ တောင်-မြောက်ဗီယက်နမ်စစ်ကို ဆန့်ကျင်တာ မဟုတ်ဘဲ ဗုဒ္ဓဘာသာကို နှိပ်ကွပ်လို့ဖြစ်တယ်။
• ၁၆-၈-၁၉၆၃ နေ့မှာ နောက်ဘုန်းကြီးတပါး၊ ၁၉၆၆ ထဲမှာ သီလရှင်တပါး (ဟွေ) မြို့မှာ အဲလိုလုပ်အပြီး လူပေါင်း ၂ဝဝဝဝ ဆိုင်းဂုံမြို့မှာ လမ်းပေါ်ထွက်ဆန္ဒပြကြတယ်။ ဒိနောက်မှာလဲ ရဟန်းတော်ရော သီလရှင်ပါ ၈ ပါး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ကြတယ်။
• ၁၉၆၃ ကနေ ၁၉၇၁ ခုနှစ်အထိ နယူးယော့တိုင်း နဲ့ တိုင်းမ်တွေကနေပို့တဲ့သတင်းအရ ၁ဝဝ တိတိကျတယ်။
• တိဘက်ဒေသကို တရုပ်ကနေ ၁၉၅၉ ခုနှစ်ကတည်းက ကျူးကျော် သိမ်းပိုက်ထားလို့ လွတ်မြောက်ရေး ကြိုပမ်းမှုမှာ မိမိကိုယ်ကို မီးရှို့ပြီး အသေခံဆန္ဒပြတာကို ၂၇-၄-၁၉၉၈ မှာ စလာခဲ့တယ်။ စာရင်းအရ ၂ဝဝ၉ ခုနှစ်ကစတွက်ရင် ၁၁၈ ယောက်ရှိသွားပြီဖြစ်တယ်။ အမျိုးသမီး ၁၉ ဦးပါတယ်။
• Michael Biggs ဆိုသူကနေ စုဆောင်းထားတဲ့စာရင်းအရ တကမ္ဘာလုံးမှာ ၁၉၆ဝ ကျော်ကနေ ၂ဝဝ၂ အတွင်းမှာ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခြင်း ၅၃၃ ဦး ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၃