Wednesday, April 23, 2014

Colorful Burma ဆေးရောင်စုံနဲ့ လှပနေတဲ့ မြန်မာပြည်

‘မြန်မာ့အရေး ဘာရောင်ပေးမလဲ’ ကိုရေးဘူးတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ၊ တချို့ဆို တော်လှန်ရေးတွေမှာ အရောင်နဲ့ ကင်ပွန်းတပ်ခံရတာတွေရှိတဲ့အကြောင်းနဲ့ အခုဖြစ်နေတဲ့ အပြောင်းအလဲဆိုတာကို ဘယ်အရောင်ပေးထိုက်သလဲဆိုပြီး ရေးတာပါ။ စာရဲ့နိဂုံးက သည်လိုပါ။

“အခုအပြောင်းအလဲကို မရင့်တရင့်အရောင်အမည်သာပေးသင့်ပါတယ်။ သံလွင်စိမ်းကိုတော့ စစ်တပ်အရောင် ဆိုပြီး အသုံးများတယ်။ အစိမ်းရောင်နဲ့ဆက်စပ်နေတဲ့ အရောင်ကွဲတွေ ရှိတယ်။ အင်္ဂလိပ်လို သစ်တောစိမ်း၊ ကညွတ်စိမ်း၊ ရေညှိစိမ်း၊ ထင်းရှူးစိမ်း၊ လက်ဖက်စိမ်း စသဖြင့်ရှိတယ်။ မြန်မာဆန်ဆန် နာမည် ရွေးပေးပါရစေ။ ‘ကြာတော်လှန်ရေး’ နဲ့ ‘ထော်လာဂျီတော်လှန်ရေး’ အပြင် The Corn is Green ဆိုတဲ့ရုပ်ရှင်လို ‘ပြောင်းဖူးစိမ်းအပြောင်းအလဲ’ လို့။”

• ကနေ့ ရန်ကုန်မှာ အပြာရောင်တွေ လွှမ်းသွားပါသတဲ့။ ၂ဝဝ၇ တုံးက သင်္ကန်းရောင်တွေ လွှမ်းခဲ့ပြီးတဲ့နောက်မှာ အခုတခါ ထောင်ဝတ်စုံအပြာရောင်တွေက မိုင်နဲ့ချီပြီး ရှည်လျားခဲ့တယ်လို့ သိရတယ်။
• လှုပ်ရှားမှုတခုအနေနဲ့ လုပ်ကြတာတော့မဟုတ်ပါ။ ကွယ်လွန်သွားတဲ့ ဦးဝင်းတင်ကို ဂုဏ်ပြုကြတဲ့သဘောပါ။ ဒါပေမဲ့ နာရေးထက် အများကြီး မြင့်မားသာလွန်ပါတယ်။ လူတွေ စိတ်နာနေကြတာရဲ့ ဖေါ်ပြချက်ဖြစ်မယ်။
• အဲသည် သက်ဝင်မှုပါတဲ့ အရောင်တွေဟာ အချည်းအနှီးမဖြစ်ပါ။ ‘ပါမင့်နင့်’ ဆေးရောင်တွေထက် ခိုင်တယ်။ ဖျက်ပြစ်လို့မရဘူး။ စွဲထင်တယ်။ စူးရဲတယ်။
• အရောင်ရဲ့ အရေအတွက်နဲ့ အရည်အသွေးဆိုတာတွေထက် ‘ဘာဆက်ဖြစ်လာစေနိုင်စွမ်းရှိသလဲ’ ဆိုတာက အဲဒီအရောင်တွေရဲ့ ‘အား’ ဖြစ်ပါတယ်။
• တနည်းပြောရရင် နောက်လာအုံးမဲ့ အရောင် (တွေ) ကိုပါ ဖိတ်ခေါ်နိုင်စွမ်းရှိတယ်။

မြန်မာပြည်မှာ နောက်တခါ ဘာရောင်လာမလဲ။
• အချိန်အကြာကြီးလွှမ်းခဲ့တဲ့ စစ်သွေးစစ်ရောင် တကြော့ပြန်မလာဘူးဆိုတဲ့ အာမခံချက်ကို လူထုက မယုံကြပါ။
• တချိန်က သွေးနီလွှမ်းသလို ထပ်ဖြစ်မလာလောက်အောင်အထိလဲ လူထုခင်မြာ ကံကောင်းသေးပုံမရပါ။
• ‘သက်တန့်ရောင် မြန်မာနိုင်ငံ’ ထဲမှာ သည်လိုရေးခဲ့ပါသေးတယ်။ “မတူတာတွေ (လူမျိုးစုတွေ၊ ကိုးကွယ်တဲ့ သာသာတွေ) စုဝေးနေထိုင်တဲ့ မြန်မာနိုင်ငံဟာ ‘အလင်း’ နဲ့ တူတယ်။ ‘အဖြူရောင်’ တခုထဲသာ ထွက်အောင် သက်တန့်ရောင်တွေကို စနစ်တကျရောစပ်ပြီး၊ မှန်မှန်ကန်ကန် လည်ပတ်နေစေရမယ်။”
• အရောင်တွေ စုံအောင်ထွက်လာစေချင်တယ်။
• အရောင်အသွေးစုံနဲ့ လှပတင့်တယ်နေတဲ့ မြန်မာပြည် မကြာမီဖြစ်လာစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၄

Read more...

Monday, April 21, 2014

Pay respect to U Win Tin

‘Dignity သိက္ခာရှိခြင်း’၊ ‘Decency ကျင့်ဝတ်ညီခြင်း’ နဲ့ ‘Respect လေးစားခံရခြင်း’ ဆိုတဲ့ လူ့အရည်အသွေး သုံးရပ်ကို အတတ်နိုင်ဆုံး ကြိုးစားသင့်ကြတယ်။
Read more...

12-4-2010 ဦးဝင်းတင် နှင့် စကားပြောခြင်း

လွန်ခဲ့တဲ့ ၄ နှစ်တိတိလောက်က ဦးဝင်းတင်နဲ့ RFA မှာ စကားပြောခဲ့ရတယ်။ RFA ကို ကျေးဇူးတင်းပါတယ်။

DTS with U Win Tin.mp3

Read more...

ဗမာပြည်တဝှန်းအကုန် တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ

စာရေးဆရာ ‘နေဝင်းမြင့်’ ရေးတဲ့ ‘ခရီးနိုင်ငံရေး’ စာအုပ်ထဲက ‘ဆားလင်းကြီး’ ကို ကူးယူဖေါ်ပြလိုက်ပါတယ်။ လက်ပန်းတောင်းတောင်ရဲ့ နောက်ခံ၊ ချင်းတွင်းမြစ်အနောက်ဖက်ဒေသရဲ့ နောက်ကြောင်း၊ မြန်မာနိုင်ငံရဲ့ သဘာဝသမိုင်း စတာတွေကို စာရေးဆရာတဦး မြင်သိသလို ဖတ်သိနိုင်ကြပါတယ်။ ကျွန်တော်လဲ တောင်ယမားဘေးမှာ မွေးခဲ့ပါတယ်။

ဆားလင်းကြီး

မုံရွေးကြေးမုံကို ကျော်ပြီဆိုသည်နှင့် အနောက်လှမ်းလှမ်းမြစ်ရိုးတန်းဆီက လက်ပန်းတောင်းတောင်ညို့ညို့ကို မြင်ရပြီ။ မထွန်မယက်ရသေးသော ကွင်းပြင်ကျယ်က တောင်ခြေအထိရောက်သည်။ ထန်းပင်တွေက တောင်ခြေဆီမှာ ထိုးထိုး ထောင်ထောင်။ လက်ပန်းတောင်းက ဗန့်ကျီတိုက်နယ်၏ ပုပ္ပားဖြစ်သည်။ သည်နယ်၏ အမှတ်လက္ခဏာလည်း ဖြစ်သည်။ သည်တောင်ခြေမှာ မြစ်မင်းချင်းတွင်းရှိလိမ့်မည်။

“ကျွန်တော်တို့နယ်က ရှေးဖွဲ့စည်းပုံနဲ့ပြောရင် ပန်းချီတိုက်ဝင်ဒေသကြီး ဆရာရဲ့ ရှေးက ဗန့်ကျီခေါ်တာပဲ့ အင်းဝခေတ်က ကျောက်စာတစ်ချပ်မှာ ‘ပင်က္လေယ်’ လို့ ရေးတယ့် ညောင်ရမ်း ခေတ်မှာ ပန်းချီတယ်တိုက်ခေါ်ပြီး ကုန်းဘောင်ခေတ်မှာ ဗန့်ကျီဖြစ်လာတာခင်ဗျ့ အရှေ့မှာ ချင်းတွင်း၊ အနောက်မှာ ပုံတောင်ရိုး၊ မြောက်မှာ မြောက်ယမား၊ တောင်ယမားနဲ့ များများကြီး ခမ်းနားခဲ့တဲ့အရပ်ပေါ့ဗျာ”

ကျွန်တော့်ကို ကားတစ်စီးနှင့်လာကြိုသူက ပြောနေခြင်းဖြစ်သည်။ ကျွန်တော့်ခရီးစဉ်က ပေါင်းဝ၊ ကျောက်မှော်။ ပေါင်းဝမှာ ဆရာဦးအောင်သင်း စောင့်နေပြီ။ သည်ကပြီးတော့ ဘုတလင်နယ်ထဲက ရွာတစ်ရွာမှာ ဟောရမည်။ သည်ကဆက်တော့ ဒီပဲယင်းနယ် တင်းတိမ်ရံ။ လာကြိုသူက ‘ကိုမှန်ပြောင်း’ ဟု ဆိုလေသည်။ နာမည်နှင့်လိုက်အောင် ပိန်ရှည်ရှည် ခေါင်းကြီးကြီးဖြစ်၍ စကားပြောသည့်အခါ စာသံပေသံပါတာ သတိထားမိသည်။ ကျွန်တော်က လက်ပန်းတောင်းတောင်ကို ငေးနေလို့ ပြောလိုက်ပုံရသည်။ ကိုမှန်ပြောင်းက ဆလင်းကြီး (ဆားလင်းကြီး) သား။ မိန်းမက ဘုတလင် ကျောက်ရေအိုးသူ။ ကားဂိတ်ထိုးတော့ မုံရွာ။

“လက်ပန်းတောင်းတောင်က ဆဒ္ဒန်ဆင်မင်းများ ဝပ်စင်းနေသလိုကိုး ဆရာရဲ့” ကိုမှန်ပြောင်းက ဆဒ္ဒန်ဆင်မင်းဇာတ်များ ခင်းနေဦးမှာလား။ ရသည်။ ရွတ်တော့ ဆိုတော့လည်း အဟုတ်။ ကိုမှန်ပြောင်းပြောသလို ဆင်းလင်းကြီးနယ်က ပန်းချီတိုက်ဝင်မြို့ ဖြစ်သည်။ ပဒုံမင်းလက်ထက် နယ်နိမိတ်မျဉ်းသတ်မှတ်သည့်အခါ အရှေ့တောင်တွင် ယမားစည်သူကန်းရိုး၊ ထိုမှ မြောက်သို့ တင်တောင်၊ ရှင်မဉ္ဇူတောင်၊ မင်းယာကုန်း၊ တောင်တကာ ညောင်ပင်၊ ကျောက်ကြီး။ ထိုမှ အနောက်သို့ မြောက်ယမား၊ ထိုမှ ဗန့်ကျီတောင်ရိုးတန်းအတိုင်း တောင်သို့ တောင်ယမားအထိ။ တောင်ယမားက ရှေ့ကို တက်သော် ယမားစည်သူ။

“လက်ပန်းတောင်းတောင်ကို ကျွန်တော်မြင်တာက တစ်မျိုး ကိုမှန်ပြောင်းရဲ့ ကျွန်တော်ဖြင့် မုံရွာခရီးကိုလာရတိုင်း သည်တောင်တွေကို မှတ်မှတ်ရရကြည့်ဖြစ်တယ့် ရှေးက ကွမ်းပန်းထည့်တဲ့ ပန်းတောင်းနဲ့တူလို့ ပန်းတောင်တောင် ခေါ်ကြတယ်ထင်တာပဲ့ ကြေးစင်တောင်တို့၊ စံပယ်တောင်တို့လည်း လှတာပါပဲ”

“အဲသည်တောင်တွေက မရှိတော့ဘူးဆရာရဲ့ ကြွင်းကျန်သော ကာပရုပ်အကျန်ကို သုသာန်မှာ သဟာယတစ်တို့ ဈာပနာပြုခဲ့ပြီကောခင်ဗျာ့ ဆရာ့နှယ် တတ်သိအကျော် သမားတော်များနဲ့တောင် မကုလိုက်ရပါဘူးဗျာ့ ဟိုအရင် တောင်မို့မို့က အခုတော့ ကျင်းကြီးနက် သွားလိုက်တာ အဝီစိကို လွန်နဲ့များဖောက်ရင် လက်တစ်ကမ်း လိုတော့တယ်”

အောက်ချင်းတွင်းဖြစ်ဝှမ်းသည် သဘာဝအားဖြင့် ကျောက်စရစ်၊ ဂဝံနှင့် မြေစေးများသော ပထဝီဝင်ဖြစ်သည်။ အောက်ချင်းတွင်းနယ်ကို ချင်းတွင်းခြား၍ အရှေ့အနောက်ခွဲသည့်အခါ မုံရွာနယ်နှင့် ယင်းမပင် (ယင်းမာပင်) နယ်အဖြစ် နှစ်ခြမ်းကွဲသည်။ ကိုမှန်ပြောင်းက မုံရွာက အရှေ့ ဘက်အိတ်ထောင်၊ ယင်းမာပင်က အနောက်ဘက်အိတ်ထောင်လို့ တင်စားသည်။ ချင်းတွင်းက ဇစ် (Zip) တဲ့။ ကိုမှန်ပြောင်းက ကဗျာဆန်လှချည့်လားဆိုတော့ ကျွန်တော့်အဘိုးက မောင်းထောင်းသား ဆိုပြန်လေသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏စာ၊ သံချို ဦးကျော်လှ၏ စာတွေကိုပါ ရသည်ဆိုလို့ အံ့သြရသည်။

“အရှေ့ဘက်အိတ်ထောင်မှာ မုံရွာ၊ ဘုတလင်၊ အရာတော်နယ်တွေပါတယ့် အနောက်ဘက်အိတ်ထောင်မှာ ဆလင်းကြီး၊ ကနီနဲ့ ပုလဲနယ်တွေပါတယ့် သည်နယ်တွေက ကျုပ်တို့ဘိုးဘွားများခေတ်က တောကြီးနက်လွန်းလို့ ထတဲ့ သူပုန်တောင် အင်္ဂလိပ်က ရှာမရဘူးတဲ့ အခုတော့ နွားရိုက်ဖို့ နကန်တောင် လုပ်စရာအပင်မရှိတော့ဘူး”

ကိုမှန်ပြောင်း၏ ရူပကအလင်္ကာ။ ချင်းတွင်းအရှေ့ဘက်မှာ သော်တာတောင်၊ ကျောက်ကာတောင်၊ နွယ်ခွေတောင်၊ ဖိုးခေါင်းတောင်၊ ရွှေမြင်တင်တောင်တွေ၊ ခမောက်တွေ စုထားကြသလိုရှိကြသည်။ မြစ်အနောက်ဘက်မှာတော့ ရွှေတောင်ဦးတောင်၊ ကျောက်မျက် တောင်၊ ကြေးစင်တောင်၊ ခမောက်တောင်၊ စံပယ်တောင်၊ လက်ပန်းတောင်းတောင့်။

“အခုတော့ ကျုပ်တို့အနောက်ဘက်က ပထဝီပျက်ပြီဆရာရဲ့ ကျုပ်ဆွေမျိုးတွေလည်း မိုးမရွာလို့ နှမ်းတစ်ရာသီ ပျက်ပြီ့ မောင်းထောင် ဦးကျော်လှ သံချိုထဲကလိုပါဗျာ့ သည်ကြားထဲ လယ်တွေက မသေချာတော့ဘူးခင်ဗျ” “ပြောပါဦး ကိုမှန်ပြောင်းရဲ့” “ခိုက်ရန်တွေအဖြာဖြာနှင့်၊ ဘဏ်တိုက်မှာ သွင်းကာထားလေသည့်၊ ဒင်္ဂါးတွေ သီးသီနည်းသောကြောင့်၊ ငွေခွဲပုံ နိုင်ငံရေးရယ်နှင့်၊ ချေးနှင့်ပါ့ ဆင့်ကာတောင်းချေပေါ့ ရွာပေါင်းစုံ ဘယ်လိုလုပ်ရပါ့ ခေါင်းကုတ်ကြပြန် ဆိုသာလို ဖြစ်ကုန်ကြပြီ့ ငွေခွဲပုံ နိုင်ငံရေးပေါ့ဗျာ့ တောင်သူတွေ ခေါင်းကုတ်ကြရရုံမကဘူ့း ဆံပင်ပါ ကျွတ်ရတဲ့ကိတ်းခင်ဗျ”

၁၂၇၉ ခုနှစ်လောက်ဆီက အင်္ဂလိပ်အစိုးရဘဏ္ဍာငွေ နည်းချိန်ဖြစ်၍ တိုင်းပြည်လူထုခမျာ ပင်ပန်းဆင်းရဲကြပုံကို သံချိုဆရာ မောင်းထောင်းဦးကျော်လှက သံချိုရေးသည်။ ဦးကျော်လှ၏ သံချိုထဲက တစ်ပိုဒ်ကို ရွတ်ပြခြင်းဖြစ်သည်။ အင်္ဂလိပ်အစိုးရဘဏ်တိုက်မှာ ငွေးနည်းတိုင်း တောင်သူတွေ ဒုက္ခရောက်ရသည်။ အကြွေးတင်ကြသည်။

ကားက မုံရွာကိုကျော်ပြီ။ အလုံကိုဝင်တော့မည်။ အလုံကို ဝင်တော့မည်။ အလုံ မြစ်ကူးတံတားကိုဖြတ်လျှင် အနောက်ဘက်ကမ်း ဆင်းလင်းကြီးကိုဝင်ပြီ။ အလုံကားရှေးက ပဒုံခေါ်သော မြို့ဖြစ်သည်။ သလ္လာဝတီ (ချင်းတွင်း) မြစ်အနောက် ကျောက်မျက်ရွာက မောက်သရက်အထိ လီမိတက်ကုမ္ပဏီသူဌေးတို့ သတ္တုသိုက်ရှာခဲ့သည့်အကြောင်း ဦးကျော်လှ၏ သံချိုတစ်ပုဒ်မှာပါသည်။ ဒါကလည်း ကားဆရာ ကိုမှန်ပြောင်း ရွတ်ပြမှ သိရခြင်းဖြစ်သည်။

‘ကမ်းနီတောင် ဗန့်ကျီတိုက်တွင်မှ၊ ချော်မိုက်ရုံ လုံဖိုပထဗျာနှင့်၊ ထိုဖေဇာ နေရာဟောင်း ပေထင့်၊ လက်ပတောင်း တောင်,မြောက် စောင်းသို့တက်ခဲ့ရင်၊ ကျောက်မျက်တွေ ဗွေပလ္လင်နှင့်၊ ရွှေမြင်တင်တောင်ညိုစွန်းက၊ ဖိုဝန်းမြေ ဂဟေစပ်သည့် ထူးမြတ်လှ တောင်ထက်တောင်။ ကုန်းတစ်ထွေ ရေသယံဇာနှင့်၊ အနန္တာလောဟာထည့်လို့၊ ကြာစေ့သရံ၊ သံပရွက်နှင့် ဒန်ထွက်သည့် ထိုတောင်ထွတ်တွေက၊ သွတ် ကျွတ်ဖြူ မှန်အရောင်နှင့်၊ လျှံပြောင်ပြော ဖန်ဆောင် ကျမ်းငဲ့ပြင်၊ ဗဟန်းရယ်ဖြူဝါပ၊ မြင်းသီလာ ဒုတ္ထာနဂသွဲ့ တွေက စိမ်းပြာလဲ့မှော်’

ကိုမှန်ပြောင်းက ရှေးကပင် လက်ပန်းတောင် တောင်တစ်လျှောက်ကုန်းသယံဇာတ၊ ရေ သယံဇာတ ပေါမျာသည့်အကြောင်း၊ ဒန်၊ သွတ်၊ ကျွတ် (ဂျွတ်)၊ ဗဟန်းဖြူ ဗဟန်းဝါ၊ မြင်းသီလာ၊ ဒုတ္ထာ၊ နာဂသွဲ့တွေ ပေါကြွယ်ဝသည့်အကြောင်း တစ်လမ်းလုံးပြောလာခဲ့သည်။ ဦးကျော်လှ၏ သံချိုမှာပါသည့် ကြာစေ့သရံ သံပရွတ်ဆိုတာက သံမျိုး ၁၆၇ မျိုးတွင်ပါသည့် ကြာစေ့သံ၊ ပရွတ်သံတွေကို ပြေားခြင်းဖြစ်သည်။ သွတ်က လေးညင်းဝါယော ဓာတ်ပါသော သံတ္တုဖြစ်သည်။ ဒန်ကတော့ မြန်မာ အဂ္ဂိရတ်ပညာတွင် ကြေးနီကို ဆိုလိုသည်။ ဒုတ္ထာကလည်း ခိုင်မာသော ကြေးနီဓာတ်ပါသည်။ ဂျွတ်ကတော့ ဓာတ်နုဓာတ်ရင့်ကို ချေစားနိုင်သော သတ္တိရှိသည်။ မြင်းသီလာက ဆေးဒန်းနီဖြစ်သည်။ ဗန့်ကျီနယ်တောင်တွေမှာ အဖိုးတန်သတ္တုတွေ အောင်းနေတာ ကလည်း သဘာဝ၏ လက်ဆောင်မဟုတ်လော။

ကိုမှန်ပြောင်းက မြောက်ယမားချောင်းတံတားကို ဖြတ်သည်။ ယမားချောင်းက ချင်းတွင်းမြစ်ထဲ ဝင်အံ့လုလု နေရာဖြစ်၍ သည်နေရာမှာ ချောင်းပြန့် ကျယ်သည်။ သည်တစ်ဝိုက် မှာ တဲစုကလေးတွေ ရှိသည်။ မြေတွေ ပုံထားကြတာကလည်း တောင်ပို့ကလေးတွေနှင့်ပင် တူတော့သည်။ ဘယ်ဘက်မှာတော့ မြေတောင်ကြီး မြင့်လှသည်။ လက်ပန်းတောင်းတောင်ကတော့ မှိုင်းတောအပြာဖြင့် မိုးလျက်ရှိသည်။ ကိုမှန်ပြောင်းက ကားကို လမ်းဘေး ချရပ်လိုက်သည်။ မနီးမဝေးကလူဖို့ မြေတောင်ကြီးကို ကြည့်သည်။

“မြေတွေပုံထားတာနဲ့တော့ တောင်ဖြစ်မလာဘူးဆရာရဲ့၊ ကျုပ်တို့က တောင်တွေကို ချစ်တာ့၊ ကျုပ်က ကျုပ်တို့ ငယ်ငယ်ကတည်းက လည်ချောင်းကွဲအောင်ဆိုခဲ့ရတဲ့ အမျိုးသား သီချင်းကို အင်မတန် ကြိုက်တယ့်၊ ‘ပြည်ထောင်စုအမွေ အမြဲတည်တဲ့စေ အဓိဋ္ဌာန်ပြုပေ’ တဲ့ ကျုပ်တို့လူမျိုးက တစ်လျှောက်လုံး သစ္စာဆိုခဲ့ကြတာ မဟုတ်ဘူးလားဗျာ့ အမွေဆိုတာ ရုပ်ဝတ္ထု အမွေရော စိတ်အမွေရော ပါတာကိုးခင်ဗျ့။ ရုပ်အမွေက ကျုပ်တို့ တိုင်ပြည်က သဘာဝ တောတောင်ရေမြေတွေအားလုံး ပါသလို၊ စိတ်အမွှေက ဒါတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြရမယ်ဆိုတဲ့ ဘိုးဘွားတွေ ထားခဲ့တဲ့စိတ်ကိုပြောတာ ဟုတ်ကဲ့လား ဆရာရဲ့”

ကျွန်တော်က ခေါင်းညိတ်ပြတော့ ကိုမှန်ပြောင်းက ကားပေါ်ပြန်တက်သည်။ ပါးစပ်ထဲက ကွမ်းဖတ်တွေကို ထွီးခနဲ ထွေးထုတ်သည်။ ရေသန့်ဘူးကို မော့သောက်သည်။ သွားကြစို့တဲ့။ သည့်နောက်တော့ ကိုမှန်ပြောင်းဆီက အသံတိတ်သွားပြန်လေသည်။ ကျွန်တောကလည်း ကိုယ့်အတွေးနှင့်ကိုယ်။ တအောင့်လောက်ရှိမှ ပြောပြန်လေ၏။

“ ‘တစ်သိန်းတန်စန္ဒကူး၊ နေ့ကျူးပုဒ်ရက်တက်ရေ့ အဘိုးငယ်မတန်ဘဲ လဲထပ်ကြပေ’ လို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ သခင်ဋီကာမှာ ဖတ်ရတယ့့် ကောင်းလိုက်တဲ့ ဆရာကြီးနှယ့့် တို့ဗမာသီချင်းထဲက စာကိုလည်း ကျုပ်က ကြိုက်သေးတာ့ ‘ဗမာပြည်တဝှန်းအကုန် တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ’ ဆိုတာလေ့”

ကိုမှန်ပြောင်း ကွမ်းတစ်ရာ ထုတ်ဝါးပြန်လေ၏။ ကွမ်းတံတွေးကို ပျစ်ခနဲ ထွေးပြန်လေ၏။ ဆလင်းကြီး (ဆားလင်းကြီး) ကို ဝင်တော့မည်။ ဆဒ္ဒန်ဆင်မင်း ဝပ်စင်းသည်နှင့်တူသော လက်ပန်းတောင်းတောင်သည်ပင် နောက်ဆီမှာ ကျန်ရစ်ခဲ့ပြီ။ ဆဒ္ဒန်ပျို့က စာတချို့ကို သတိရနေခဲ့သည်။

‘စက်ဟုန်သရ၊ ဆိပ်ရည်ဝဖြင့်၊ သားများသေမင်း၊ မုဆိုးခွင်းသား’

(မှတ်ချက်။ ကျွန်တော်လဲ ‘လက်ပံတောင်းမှာ သမင်ပြစ်ထွက်ခြင်း’ ကိုရေးဘူးသေးတယ်။ ဒေါက်တာတင့်ဆွေ)

Read more...

ဦးဝင်းတင် ဘာကြောင့်ဆုံးပါးရသလဲ

• “ရွှေတောင်ကြီးပြိုပြီ” လို့ခိုင်းနှိုင်းလောက်တဲ့ ဆုံးရှုံးမှုကြီးဆိုတာ ရှားတယ်။
• ကျွန်တော်တို့ တခါက ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ကမ်းကို တက်ကြပြီး၊ (ကေအင်န်ယူ) စခန်းတခုမှာ အစည်းအဝေး လုပ်ကြတုံးကပါ။ တချို့က ထိုင်းထဲပြန်သွားစရာရှိလို့ သောင်ရင်းမြစ်ထဲဆင်းပြီး၊ လှေကလေးနဲ့ တဖက်ကမ်းကို ကူးဘို့လုပ်နေကြချိန်မှာ ကျန်နေတဲ့လူတွေက ညနေပိုင်းရေဒီယိုနားထောင်ပြီး၊ ကုန်းပေါ်ကနေ “ဦးဝင်းတင် လွတ်ပြီ” ဆိုပြီး ဝမ်းသာအားရ အော်ပြောကြတယ်။ အားလုံးက လက်ခုပ်လက်ဝါးတီးကြပြီး၊ သတင်းကောင်းကို ကြိုဆိုကြတယ်။ နာရီပိုင်းအတွင်းမှာ ဦးဝင်းတင် ထောက်ထဲကမထွက်ရဘူးဆိုတဲ့သတင်းက ချက်ချင်းဆက်လာပါတော့တယ်။
• Occupational Health Risks လုပ်ငန်းခွင်ကျန်းမာရေးအန္တရာယ်ဆိုပြီး ဆေးပညာမှာ ကဏ္ဍတခု ရှိပါတယ်။
• မြန်မာပြည်မှာ ထူးထာတခုက Political Health Risks နိုင်ငံရေးလုပ်လို့ ကျန်းမာရေးအန္တရာယ်တွေကို တကယ် ကြုံကြရ၊ ခံစားကြရ၊ သေဆုံးကြရတာတွေရှိကြောင်း ဧပြီ ဂ ရက်နေ့က ကျွန်တော် ရေးလိုက်မိသေးတယ်။
• ဦးဝင်းတင်ရဲ့ရောဂါ(တွေ) ဟာ ဇရာကြောင့်လဲပါသလို “နိုင်ငံရေးကြောင့် ထောင်ထဲမှာ ဆေးဝါးကုသမှု ညံ့ဖျင်း အောက်ကျလွန်းလို့ ဖြစ်ရတယ်ဆိုတာ မဟုတ်ပါဘူးလို့" ငြင်းမဲ့သူရှိရင် စိန်ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၄
Read more...

Sunday, April 20, 2014

ပီဠိယက္ခကို မြားချွန်မပေးကြနဲ့

လူအများစုဟာ (မီဒီယာ) ကနေ Scoop (စကု) လို သူများတက်ဦးဦးဖျားဖျားတင်တဲ့ သတင်းမျိုးကို စိတ်ဝင်စားကြတယ်။ ပူပူနွေးနွေးအဖြစ်အပျက်တွေနောက်လည်း သဲသဲမဲမဲ လိုက်တတ်ကြတယ်။ လက်ပံတောင်း အစီရင်ခံစာ ထွက်လာပြီးနောက်မှာ ရေးကြ၊ ပြောကြတာဟာ (ဟော့-တော့ပစ်) ဖြစ်လာပါတော့တယ်။

နာမည်ရှိထားသူကို အပြစ်ပြောတာကို ကိုယ်တိုင်ထင်ပေါ်နိုင်တဲ့ အခွင့်ကောင်းတရပ်အဖြစ် တချို့တလေက သုံးလေ့ရှိကြတယ်။ ကြိုက်-မကြိုက်ကို အကဲဖြတ်ရာမှာ စကားလုံး၊ ပြောင်ပြောင်မြောက်မြောက်၊ ရင့်ရင့်သီသီး၊ ထိထိမိမိဖြစ်စေရင် ကြားတဲ့သူ၊ ဖတ်တဲ့သူတွေကို ဆွဲဆောင်နိုင်တယ်။ တချို့ကလည်း မွေးကတည်းက ရင့်သီးတဲ့စကားကိုသာ ထမင်းစားရေသောက် ပြောတာလည်းရှိတယ်။ စဉ်မြင့်ရှာပြီး သူများအပြစ်သာ ပြောလေ့ရှိသူတွေလည်း ရှိတာပါဘဲ။

တကယ့်ဘဝဆိုတာ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်မှာ စကားပြောတာမျိုးနဲ့ မလုံလောက်ပါ။ နိုင်ငံရေးဆိုရင် ခပ်လွယ်လွယ်ချတဲ့ ကောက်ချက်မျိုးက လွဲတာများတယ်။ ကနေ့ကာလမှာ (ဆိုရှယ်-နက်တဝပ်) ကျယ်ပြောလာချိန်မို့ တယောက်စကားတယောက် အပေါက်အရောက် မြန်ဆန်လှတယ်။ တခါတလေလည်း နှိုးဆွပေးစေနိုင်စွမ်းရှိတယ်။

ရခိုင်၊ လက်ပံတောင်းနဲ့ မိတ္ထိလာ အဖြစ်အပျက်သုံးဖြာကြောင့် အုပ်ချုပ်နေသူတွေမှာ အငိုက်မိသွားမယ်လို့ ကောက်ချက်ကိုလည်း ဖတ်ရပါတယ်။ ကျွန်တော်တော့ အဲလောက်အထိမထင်ပါ။ အာဏာယူထားတဲ့ သက်တမ်းက ရှည်ကြာခဲ့သူတိုင်းဟာ ဒါမျိုးတွေကို အခါခါ ရင်ဆိုင်-ကျော်လွှား-အောင်မြင်ထားကြသူတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း အစိုးရရော ဒေါ်အောင်ဆန်းစုကြည်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တွက်ဆခဲ့ပြီးသား ဖြစ်နိုင်ပါတယ်။ အခြေအနေအခင်းအကျင်းကို ရိုးရိုးရှင်းရှင်းလေးတွက်ကြရင်သာ မျက်ပြူးဆန်ပြာ ဖြစ်နိုင်တာပါ။

လက်ပံတောင်းမှာ ဆန္ဒပြခဲ့သူတွေက ရှုံးသွားပြီလို့ မထင်ကြတာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေကို ဒိထက် စနစ်ကျကျ အင်အားပါပါ လုပ်ကြရပါမယ်။ အရေးကြီးတာက အချိန်အခါလည်း ရွေးတတ်ရပါအုံးမယ်။ မခံချင်စိတ်တခုတည်းနဲ့တော့ အောင်မြင်လေ့ဆိုတာ မရှိသလောက်ပါ။ ဒါကြောင့် ဦးပိုင်ရော ဝမ်ပေါင်ပါ အပြီးနိုင်သွားကြပြီလို့ထင်ရင် သိပ်စောလွန်းတဲ့ ကောက်ချက်သာ ဖြစ်နိုင်စရာ ရှိပါတယ်။

ရခိုင်မှာစခဲ့တဲ့အရေးကနေ ဘာသာရေးဘက်ပြောင်းသွားတာ မမှန်ပါ။ “တရားမဝင်နိုင်ငံခြားသားများ” ဟာ ဒုက္ခတွေ၊ ခြိမ်းခြောက်မှုတွေ၊ လက်ဝါးကြီးအုပ်မှုတွေ လုပ်နေကြတာ အထူးသတိကြီးကြဘို့၊ တားဆီးကြဘို့၊ ဖယ်ရှားကြဘို့လိုပါတယ်။ နိုင်ငံခြားသားတွေဟာ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာ ဘေးချိတ်းထားသင့်ပါတယ်။ လူမျိုး နဲ့ ကိုးကွယ်တဲ့ဘာသာကို ခွဲမသိတာ၊ ခွဲမပြောတာကနေ ပြဿနာတွေ အကြီးအကျယ်ဖြစ်စေပါတယ်။

နိုင်ငံခြားသားတွေဆိုတာမှာ -
(၁) ဘင်္ဂလားဒက်ရှ် နိုင်ငံသားများ။ Bangladeshi (ဘင်္ဂလာဒက်ရှီ) လို့ခေါ်ရင် လူသန်းတစ်ထောင်ကျော်က နားလည်ကြပါတယ်။ “ဘင်္ဂါလီ” အသုံးအနှုန်း လုံးဝမှားပါတယ်။ ကဗျာဆရာကြီး ရာဘင်ဒြာနသ် တဂိုး နဲ့ နိုဗယ်ဆုရ ဒေါက်တာ အမာတီယာဆန် တို့ဟာ ဘင်္ဂါလီတွေဖြစ်ပါတယ်။ သူတို့ကိုးကွယ်ကြတာက အခုပြောနေတဲ့ဘာသာ မဟုတ်ပါ။ မြန်မာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် ရဲဘော်ဘတင် (ဂိုရှယ်) ဟာလည်း ဘင်္ဂါလီပါ၊ ဘယ်ဘာသာမှ မကိုးကွယ်ပါ။

(၂) အိန္ဒိယနိုင်ငံသားများ။ ကသည်း (မဏိပူရ) နဲ့ အာသံ (အာဆမ်) သူပုန်အဖွဲ့တွေက စစ်ကိုင်းတိုင်း၊ နာဂတောင်တန်း နဲ့ ချင်းတောင်တန်းမှာ နေရာယူထားကြတာ ကြာပါပြီ။ သူတို့ဆီကကနေ မူးယစ်ဆေးပြားတွေနဲ့ လက်နက်တွေ ဖမ်းမိတာလည်း ၃-၄ ကြိမ် ရှိပါပြီ။ တချို့ဒေသခံ အမျိုးသမီးတွေက အဲဒီနိုင်ငံခြားသားတွေမှာ ငွေပေါလို့ ယောက်ျားအဖြစ် ပေါင်းသင်းနေကြပေမဲ့ ရိုးသားတဲ့ ဒေသခံတွေအတွက် အကြီးအကျယ် အနှောင့်အယှက်ဖြစ်နေပါတယ်။

(၃) တရုတ်နိုင်ငံသားများ။ တရားဝင်ဖြစ်အောင်လုပ်ပြီး (ငွေပေးပြီး = ဥပဒေနဲ့အညီမဟုတ်ပဲ) စီးပွါးလာရှာနေထိုင်ကြသူတွေ ဘယ်လောက်များပြီလည်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှာတောင် စာရင်းမရှိလောက်ဘူး ထင်ပါတယ်။ သုတေသနလုပ်သင့်ပါပြီ။ နာမည်ပြောင်းတဲ့အကျင့်ဟာ အစိုးရတွေမှာသာရှိတာ မဟုတ်ပါ။ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှု အချက်အခြာ မန္တလေးကို လက်ဖက်မကြွေးပဲ အမည်ပြောင်းပေးတာခံနေရပြီ မဟုတ်ပါလား။

ဒီလို ဥပဒေနဲ့မညီဘဲ လာရောက်ကျူးကျော်နေထိုင်ကြသူ တိုင်းတပါးသားတွေ အားလုံးကို ဦးတည် ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ တရားဝင်စစ်စစ်တွေကိုတော့ ဘယ်သာသာတရားကို ကိုးကွယ်ကြပါစေ စိုသောလက် မခြောက်စေနဲ့ သဘောထားကြပါမယ်။ နိုင်ငံကြီးသားဖြစ်ချင်ရင် သဘောထား ကြီးကြရပါမယ်။ မမြင်ကျယ်ကြရပါမယ်။

ဒီမိုကရေစီဘက်ကလူတွေကို တဖက်ဆီတွန်းပို့ဘို့ ကြိုးစားတာလည်း မမှန်ပါ။ တကယ်လို့ ပါသွားတယ် ထင်ရင်လည်း ကိုယ့်ဘက်ကလူတွေကို ပြန်ဆွဲယူရမှာဖြစ်ပါတယ်။ အချင်းချင်း အရေးအခင်းလုပ်ခြင်းဟာ ကိုယ့်ဘက်ကို အားနည်းအောင် လုပ်တာသာဖြစ်ပါမယ်။ ပွဲလန့်ဖြာခင်းတွေကိုတော့ နေရာမပေးကြနဲ့ပေါ့။ အသံကောင်းဟစ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိအောင် မလုပ်တတ်သူမျိုး၊ သူများအပြစ်ချည်းသာ လိုက်ပြောနေသူမျိုး တွေကိုတော့ အသေအခြာ ချန်ထားတာဟာ မှန်ကန်ပါတယ်။

ပစ်မှတ်တွေ အရွေးမလွဲသင့်ကြပါ။ လက်ပံတောင်းအဖြစ်အပျက်ကြီးကို ကျေးဇူးတင်ရမှာကတော့ တံခါးတွေဆို့ထား၊ မျက်စိတွေပိတ်ထားစဉ်ကာလအတွင်းမှာ တိုင်းပြည်ရဲ့ သဘာဝသယံဇာတ အရင်းအမြစ် ကြီးကြီးမားမားတခုကို လက်သိပ်ထိုးပြီး အုပ်စီးခဲ့တဲ့ “လက်ဝါးကြီးနှစ်ခု” ကို သိလာစေခဲ့တာဖြစ်ပါတယ်။ ဒီအရေးအသားဟာ လှုံ့ဆော်မှုလို့ အထင်မမှားစေချင်ပါ။ ဦးတည်ရမှာက တရုပ်နိုင်ငံနဲ့ မြန်မာ့တပ်မတော် မဟုတ်ပါ။

တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသံတွေနဲ့ အရှိန်ရလာနေတာမို့ ဒီစီးပွါးရေးလုပ်ကွက်ကြီးဟာ တရားသလား။ သင့်မြတ်သလား၊ ဘယ်သူ့ အကျိုးအတွက်သာ ကွက်လုပ်နေကြသလဲ၊ ဘာတွေကို ထိခိုက်စေသလဲဆိုတဲ့ မေးခွန်းတွေကို ကြေးနီမြေမှာလည်း မေးသင့်ပါတယ်။ လွှတ်တော်ထဲမှာလည်း မေးသင့်တယ်။ မီဒီယာမှာလည်း မေးသင့်ပါတယ်။ တရားသဖြင့်မေးကြလို့ မှန်မှန်ကန်ကန် ရှင်းနိုင်ရင် လူထုကနေ ကျေကျေနပ်နပ် လက်ခံရမှာဖြစ်ပြီး ကာယကံရှင်တွေကလည်း အထင်းမှားတာတွေ ပျောက်သွားအောင် လုပ်ပေးတာပဲလို့ နားလည်ပေးရမှာပါ။

ရခိုင်ဒေသမှာဖြစ်ခဲ့တာဟာ “တိုင်းတပါးသား” ဆိုတဲ့ ခေါင်းစဉ်ကို “ဘာသာရေး” ဆိုပြီး “နှစ်ဖက်လုံးက သုံးတာ” ဟာ မဟာအမှား ဖြစ်ပါတယ်။ အဲဒီတုံးက တိုင်းတပါးနိုင်ငံတွေ အင်နဲ့အားနဲ့ ဝင်လာအောင် ဖိတ်ခေါ်သလိုဖြစ်ပြီး၊ တိုင်းပြည်ရဲ့ အချုပ်အခြာကိုပါ ထိခိုက်စေခဲ့တယ်။ ဒီအဖြစ်မျိုးကို ဘယ်ဘာသာကဖြစ်ဖြစ် ဘယ်နိုင်ငံမှာဖြစ်ဖြစ် လက်ခံကြမှာ မဟုတ်ပါ။

ဒါကြောင့်လည်း မိတ္ထိလာမှာဆက်ဖြစ်လာတာပါ။ ခေါင်းစဉ်တပ်လွဲလို့ ပစ်မှတ်လွဲခဲ့တာဖြစ်ပါတယ်။ သမင်ကိုပြစ်တာ လူကိုသွားမှန်တဲ့ဘုရင်ကြီးလို မဖြစ်သင့်ကြပါ။ တည့်တည့်မပြစ်နိုင်သူကိုလည်း အားမပေးသင့်ကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၃

Read more...

Thursday, April 17, 2014

မပြင်ညာရေး

• အခြေယိုင် တိုင်ပိုးစား၊ လူကြီးများမရောက်၊
• နံရံပြဲပေါက် ရေနံချေးမလောက်၊
• ဆောက်တုံးကလဲ တအိမ်တယောက်၊
• ကျောင်းပြူတင်းပေါက် ဆင်တကောင်ဝင်လောက်၊
• အောက်ကျတဲ့ပညာရေး အနာဂတ်တွက်ရင်လေး။

• ငွေပေးနိုင်ရင် စာကောင်းသင်၊
• မဲလိုချင်ရင် ကျောင်းမပြင် မဲခိုးဘို့သာပြင်၊
• စနစ်မပြင် လူမပြင်၊
• ဖွဲ့စည်းပုံမပြင် ပလ္လင်ကမဆင်း၊
• မိုက်တွင်းကနက် တိုင်းပြည်ပျက်။ ။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၃
ည ၁၁ နာရီ ၅ဝ မိနစ်
မပြင်ညာရေး = မပြင်ရေး + လိမ်ညာရေး
(ဓါတ်ပုံ စိန်ဝင်း၊ ရွှေအလင်းတန်း မုံရွာ)
Read more...